အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 november 2014

ကျောင်းသားသပိတ်ကို ဖြိုခွင်းရင် အစိုးရမျက်နှာဖုံးကို ဆွဲခွာမယ် (ရုပ်-သံ)

 


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ တတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၁၆ရက်နေ့ အမျိုးသားအောင်ပွဲနေ့မှာတော့ ရွှေတိဂုံစေတီတော် ကြေးသွန်းဘုရားမှာ စတင်စုဝေးပြီး ဆန္ဒပြခဲ့ပါတယ်။ နှောင့်ယှက်ဟန့်တားမှု၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ ခြိမ်းခြောက်လာမယ်ဆိုရင် ဘယ်လိုတုန့်ပြန်မယ်လို့ ပြောခဲ့သလဲ။

ကျောင်းသားသပိတ်ကို နှောင့်ယှက်ပြီး ဖမ်းဆီးမှုလုပ်လာမယ်ဆိုရင် ဒီအတိုင်းငြိမ်ခံနေမှာမဟုတ်ဘဲ တရားမှုတွေကို ဖွင့်ချပြီး မျက်နှာဖုံးစွပ်ထားတဲ့ အစိုးရရဲ့ဘီလူးစွယ်ကို ခွာချမယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုကျော်ကိုကိုက ပြောပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးလာမယ်ဆိုရင် ဒီမိုကရေစီအနှစ်သာရရှိတဲ့ အစိုးရတစ်ရပ်ဖြစ်လာအောင် ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမှာမို့ ဘာကိုမှ ကြောက်ရွံ့တုန်လှုပ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက နိုဝင်ဘာ ၁၄ရက်နေ့ကစတင်ပြီး ရန်ကုန်မှာ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ပြီး နေ့စဉ်လိုလို နေရာအနှံ့မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ ကျောင်းသားသပိတ်ကို ပညာရေးကွန်ရက်အဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းကလူတွေ ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေဟာ အစိုးရရဲ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး ရေးဆွဲထားတာဖြစ်သလို နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဦးဆောင်နေတာမို့ ဗဟိုချုပ်ကိုင်မှုဖြစ်ပြီး လူတိုင်းအကြုံးဝင်တဲ့ ပညာရေးစနစ်မဖြစ်တဲ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ထားတယ်လို့ NNER အဖွဲ့ကို ကိုရဲဝင်းက ပြောပါတယ်။

သပိတ်မှောက် ကျောင်းသား ၅ဝဝလောက် စုတင်စုဝေးခဲ့ပြီး အများပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုရာက အင်အား တစ်ထောင်ကျော်ထိ ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ် လေးခုက ပါမောက္ခချုပ်တွေနဲ့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ကြေးသွန်းဘုရား တန်ဆောင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနက အရာရှိတွေက သပိတ်ကိုရပ်တန့်ပေးဖို့နဲ့ အမျိုးသားပညာရေး ဥပဒေရဲ့ နောက်ဆက်တွဲ နည်းဥပဒေထွက်လာတဲ့အခါ ကျောင်းသားတွေ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့ပေမယ့် အာမခံနိုင်မှုမရှိတဲ့အပြင် အစိုးရရဲ့ တရားဝင်သဘောထား မဟုတ်တာကြောင့် ညှိနှိုင်းမှု ပျက်ပြားသွားခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ရွှေတိဂုံစေတီတော်ရင်ပြင်က ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့တဲ့ ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ၁၉၂ဝ ပထမကျောင်းသားသပိတ်ရဲ့ အထိမ်းအမှတ် ကျောက်တိုင်မှာ အလေးပြုခဲ့ပြီး ဒီမိုကရေစီပညာရေး သပိတ်တိုက်ပွဲအတွက် သစ္စာဓိဌာန် ပြုခဲ့ကြပါတယ်။
Kamayut media 


                                          မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar